ကုန်ပစ္စည်းစီမံခန့်ခွဲ မှု အမှားများ နှင့် ဖြေရှင်းရန် နည်းလမ်းများ

ကုန်ပစ္စည်းစီမံခန့်ခွဲ မှု အမှားများ နှင့် ဖြေရှင်းရန် နည်းလမ်းများ

လက်လီအရောင်းလုပ်ငန်းလုပ်တဲ့ အခါမှာ ကုန်လက်ကျန်ပစ္စည်းစီမံခန့်ခွဲမှုဟာ မဖြစ်မနေ မှန်ကန်စွာလုပ်ဖို့ လိုအပ်တဲ့အချက်တစ်ခုဖြစ်ပါတယ်။လက်ကျန်ကုန်ပစ္စည်းထိန်းသိမ်းမှုပုံစံ လျော့ရဲတဲ့အခါမှာ ဝယ်သူတွေဈေးဝယ်ရတာ အဆင်မပြေတာ၊အရောင်းလျော့နည်းသွားတာ နဲ့ ငွေအရင်းနှီးတွေ ကုန်ပစ္စည်းတွေထဲမှာ ပုံနေတာတွေဖြစ်နိုင်ပါတယ်။ ဆိုလိုတာကတော့ ကုန်လက်ကျန်ပစ္စည်းတွေကို စီစီစစ်စစ် မစီမံနိုင်ဘူးဆိုရင် မိတ်ဆွေလုပ်ငန်းရဲ့ အခြားအစိတ်အပိုင်းတွေမှာ ပြဿနာတွေပေါ်ပေါက်လာနိုင်ပါတယ်။ အထူးသဖြင့် ငွေကြေးပိုင်းနဲ့ ဝယ်သူတွေ စိတ်ကျေနပ်မှုအပိုင်းတွေမှာပေါ့။

Store ထဲက တကယ့်ကုန်လက်ကျန် ပစ္စည်းတွေကို မကြာခဏရေတွက်မှုမရှိခြင်း

ကုန်ပစ္စည်းတွေပျောက်ပျက်တာ၊ စာရင်းတွေမကိုက်တာကို အကောင်းဆုံးဖြေရှင်းဖို့နည်းလမ်းကတော့ ပြဿနာတွေကို အစောဆုံးသိနိုင်ဖို့ပါဘဲ။ဒီတော့ ကုန်ပစ္စည်းတွေကို မကြာခဏ မရေတွက်ဘူးဆိုရင်တော့ ပြဿနာတွေကို မြန်မြန်မသိနိုင်တော့ပါဘူး။ အမြဲသတိရသင့်တဲ့ အချက်ကတော့ စတိုထဲက ကုန်ပစ္စည်းတွေကို ရေတွက်ခြင်းဟာ အင်မတန်အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာပါဘဲ။ စဉ်းစားကြည့်ပါ။ မိတ်ဆွေဟာ တစ်နှစ်မှာတစ်ခါသာ စတိုထဲက ပစ္စည်းတွေကို ရေတွက်တယ်ဆိုရင် တစ်နှစ်စာ စာရင်းမကိုက်တာ၊ ပျောက်ပျက်တာတွေကို Reports တွေမှာတွေ့ရမှာပါ ။ဒါဆိုရင် ဒီလိုပြဿနာတွေရဲ့ တကယ့်အရင်းအမြစ်ကို လိုက်ရှာဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေက စဉ်ဆက်မပြတ် ပစ္စည်းရေတွက်ခြင်းနည်းကို အကြံပြုထားပါတယ်။ စဉ်ဆက်မပြတ်ရေတွက်ခြင်း ဆိုတာဟာ ကုန်ပစ္စည်းအချို့ ကိုဘဲ အမြဲရေတွက်တဲ့စနစ်ကို ဆိုလိုတာပါ။ ဒီနည်းဟာ ကုန်ပစ္စည်းတွေကို အပိုင်းလိုက်ခွဲပြီး နေ့စဉ် သို့မဟုတ် လစဉ်ရေတွက်ခြင်းဖြစ်ပါတယ်။ ဒါဆိုရင်ပစ္စည်းတွေကို အစအဆုံး အကုန်ရေစရာ မလိုတော့ပါဘူး။ ဘယ်လောက်ကြာတစ်ခါရေသင့်သလဲ ဆိုတာ မေးစရာဖြစ်လာပါပြီ။

ဗင်န်ရဲ့ ကုန်ပစ္စည်းစီမံခန့်ခွဲမှုကျွမ်းကျင်သူ ဂျော်ဒန်လူးဝစ်က အကြံပြုထားတာကတော့ ဘယ်ပစ္စည်းတွေကို ရေတွက်ပြီး ဘယ်လောက်ကြာရင်တစ်ခါ ရေရမလဲ ဆိုတာကို စဉ်းစားတဲ့ အခါမှာ ဘယ်လောက်မြန်မြန် ရောင်းထွက်သလဲနဲ့ ပစ္စည်းအရွယ်အစားတွေကိုပါ ထည့်သွင်းစဉ်းစားသင့်တယ်လို့ပြောပါတယ်။ “ကျွန်တော်ရဲ့ အကြံပြုချက်ကတော့ မြန်မြန်ရောင်းထွက်တဲ့ ပစ္စည်းမျိုးတွေကိုပိုပြီး အာရုံစိုက်သင့်တယ်လို့ ပြောချင်ပါတယ်။ ပမာဏနည်းတဲ့ ပစ္စည်းတွေကိုတော့ ရေတွက်တဲ့အကြိမ်ရေလျော့ လို့ ရတယ်” လို့ပြောပါတယ်။ “အွန်လိုင်းမှာပြထားတဲ့ ပစ္စည်းအရေအတွက်နဲ့ စတို ထဲမှာ တကယ်ရှိတဲ့ ပစ္စည်း လက်ကျန်ကိုက်အောင် အမြဲ သတိထားသင့်ပါတယ်” လို့ ဂျော်ဒန်က ထပ်မံပြောထားပါတယ်။“ဝယ်သူတွေ စိတ်ကျေနပ်မှုရစေဖို့နဲ့ အွန်လိုင်းပစ္စည်းအမှာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် ဒီအချက်ဟာ အရမ်းအရေးကြီးပါတယ်။” ဒီတော့ ကိုယ့်စတိုခန်းထဲက ပစ္စည်းတွေကို ဘယ်နှကြိမ်ရေတွက်သင့်သလဲပေါ့။ ဂျော်ဒန်ရဲ့ အဆိုအရ “ပစ္စည်းအားလုံးကို တစ်လတစ်ခါတော့ အနည်းဆုံး ရေတွက်နိုင်အောင် ကြိုးစားသင့်တယ်။” လို့ ပြောပါတယ်။ “အနည်းဆုံးတော့ လက်လီဆိုင်တွေဟာ ဆိုင်ရှိ ပစ္စည်းအားလုံးကို သုံးလတစ်ကြိမ်လောက်လဲ နိုင်အောင် ကြိုးစားသင့်တယ်” လို့ သူက ဆိုပါတယ်။

စတိုထဲမှာ ပစ္စည်းတွေရှူပ်ပွနေတာဟာ လက်လီဆိုင်တွေအတွက် လုံးဝမကောင်းပါဘူး။ ပစ္စည်းတွေ နေရာတကာမှာ ပွနေတာ၊ စတိုဒေါင့် မှာ ကွယ်နေတာတွေဟာ ဆိုင်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပြီး၊ ကုန်ပစ္စည်းထိန်းသိမ်းမှုနဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။စတိုထဲမှာ ကုန်ပစ္စည်းတွေကို ဘယ်လိုစီစဉ်နေရာချသင့်သလဲဆိုတဲ့ အကြံပြုချက်လေးတွေကို ဖော်ပြထားပါတယ်။

ကုန်ပစ္စည်းတွေကို နေရာချတဲ့အခါ မဟာဗျူဟာကျကျ စဉ်းစားပါ

စတိုထဲမှာပစ္စည်းတွေကို ဘယ်လိုနေရာချမလဲ ဆိုတာ အရင်စဉ်းစားပါ။ အဓိကအချက်ကတော့ ပစ္စည်းတွေကို ရှာလို့ အလွယ်ဆုံးဖြစ်အောင် စီစဉ်ထားဖို့ ပါဘဲ။ကိုယ့်ဆိုင်မှာ ဘယ်လိုရောင်းလဲပေါ်မူတည်ပြီးတော့ အရောင်းရဆုံး ပစ္စည်းတွေကို အလွယ်တကူယူနိုင်အောင် ရှေ့ဆုံးမှာထားနိုင်ပါတယ်။ တခါတလေမှာတော့ အမျိုးအစားတူတဲ့ ပစ္စည်းတွေကို အုပ်စုလိုက်ထားတာ၊ အမျိုးအစားအလိုက်ခွဲထားတာဟာလည်း သဘာဝကျပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်၊ ကိုယ့်လုပ်ငန်းအတွက် အကောင်းဆုံးဖြစ်မဲ့ နည်းလမ်းကို ရွေးပြီးတော့ စတင်သင့်ပါတယ်။

ပုံးတွေ၊သိုလှောင်တဲ့ နေရာတွေကို လေဘယ်လ်(label) ကပ်ပါ

Label ကပ်လိုက်ခြင်းဟာ စတိုခန်းစီမံခန့်ခွဲမှုမှာ အကောင်းဆုံးလုပ်ဆောင်မှုတစ်ခုဖြစ်နိုင်ပါတယ်။ ဒါကြောင့် သေချာအချိန်ပေးပြီးတော့ ပုံးတွေနဲ့ စတိုသိုလှောင်မဲ့ နေရာတွေကို အသေးစိတ်ပြီး နားလည်ရလွယ်ကူတဲ့ Label တွေ စီစဉ်သင့် ပါတယ်။ပုံးတွေ Label တွေ ဘယ်လောက်အရေးကြီးလဲဆိုတာကို လက်လီအရောင်းကျွမ်းကျင်သူ နီကိုးလိန်းဘတ်ရဲလ် က သူမရဲ့ လက်လီစတိုခန်းစီမံခန့်ခွဲမှုဆောင်းပါးမှာ ပြောပြထားပါတယ်။ပုံးတွေကို အသုံးပြုခြင်းဟာ ကိုယ့်ရဲ့ စတိုခန်းထဲမှာ ပစ္စည်းတွေရှုပ်ပွနေခြင်းမှ ကင်းဝေးစေပြီး သပ်ရပ်ပြီး စီစဉ်တကျ ဖြစ်စေပါတယ်။ ဒီပုံးတွေမှာ Label ကပ်လိုက်ခြင်းဖြင့် ခြေချစရာနေရာမကျန်အောင် ပုံအောနေခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။ ဥပမာ- “ပြန်ထားရန်” ဆိုပြီး Label ကပ်ထားတဲ့ ပုံးထဲမှာ ပစ္စည်းပြန်မှာရမဲ့ အမျိုးအစား (သို့) ဆိုင်ထဲမှာ ပြန်ခင်းရမဲ့ ပစ္စည်းတွေကို ထည့်ထားနိုင်ပါတယ်။ “ပျက်စီး”၊ “ဆိုင်ပြန်လဲ”၊ “ဆိုင်တွင်းအလှဆင်ပစ္စည်း”၊ “ပရိုမိုးရှင်းပစ္စည်း”၊“ချိတ်” စသည်ဖြင့် Label အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကိုယ့်ဆိုင်ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး တော့ Label တွေ အမျိုးမျိုးထားနိုင်ပါတယ်။

စင်မြင့်မြင့်တွေကိုသုံးပါ

စင်အမြင့်တွေကို သုံးလိုက်ခြင်းဖြင့် စတိုခန်းရဲ့ အပေါ်နေရာတွေကိုပါ အသုံးပြုနိုင်ပြီး စတိုခန်းနေရာကိုပိုပြီး ကောင်းကောင်းအသုံးချနိုင်မှာပါ။ အပိုဆုအနေနဲ့ ဒီစင်တွေက အချိန်နဲ့ လုပ်အားကိုလည်း သက်သာစေမှာပါ။<br /> “စင်အမြင့်တွေကို သုံးလိုက်ခြင်းဟာ ပုံးတွေအများကြီး တစ်ခုပေါ်တစ်ခုဆင့်ခြင်းကနေ ကင်းဝေးစေပါတယ်။ ဒီတော့ အောက်ဆုံးကပုံးကို လိုချင်တဲ့အခါ အပေါ်ကပုံးတွေကို ချလိုက်၊ယူပြီးရင် ပြန်တင်လိုက်လုပ်ရတာတွေကို သက်သာစေပါတယ်” လို့ ဟုမ်းစပိုက်စ်အလှဆင်လုပ်ငန်းက ဝီလ်ဆင်ဘရိုဆန်က ဂစ်ဖ်ရှော့မဂ္ဂဇင်းကို ပြောပါတယ်။

စီမံခန့်ခွဲမှုလုပ်ဖို့ နေရာထားပါ

ကိုယ့်စတိုခန်းထဲမှာ ပစ္စည်းတွေဘဲထားတာ မဟုတ်ပါဘူး။ ကိုယ်နဲ့ ကိုယ့်ဝန်ထမ်းတွေ မှတ်စုရေးတာ၊ပစ္စည်းတွေရေတာ၊ ပစ္စည်းတွေ စစ်တာ၊ ကုန်သွင်းတဲ့ ဖောက်သည်တွေရဲ့ စာရင်းစစ်တာ တွေလုပ်ဖို့ အချိန်တော်တော်များများ စတိုထဲမှာ ကုန်ဆုံးတတ်ပါတယ်။ ဒါကြောင့် ဒီအလုပ်တွေလုပ်ဖို့ သီးသန့် နေရာလေးစီစဉ်ထားရှိသင့်ပါတယ်။

POS Software (ကုန်ပစ္စည်းစီမံခန့်ခွဲမှုစနစ်) တွေကိုအသုံးပြုပါ

ယခုအချိန်ထိတိုင် စာအုပ်နဲ့ ဘောပင်ကိုသုံးပြီး စာရင်းမှတ်သားနေသေးတယ် ဆိုရင်တော့ ကုန်ပစ္စည်း စာရင်းတွေကို သေချာစစ်ဆေးနိုင်ဖို့ မလွယ်ပါဘူး။လက်နဲ့ မှတ်နေတာဟာ လူအမှတ်မှားတာတွေ၊ စာရင်းမကိုက်တာတွေ၊ အချိန်ပိုကုန်တာတွေဖြစ်နိုင်ပါတယ်။အဲဒီတော့ ဘာလုပ်ရင်ကောင်းမလဲ။ ပထမဆုံးအနေနဲ့ ကုန်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွေကို ကွန်ပြူတာသုံးပြီးလုပ်ဆောင်သင့်ပါတယ်။ ဥပမာ စာရင်းအင်းတွေမှတ်တာတွေ၊ Report ရေးတာတွေမှာပေါ့။ မိတ်ဆွေရဲ့ ကုန်ပစ္စည်းသတင်းအချက်အလက်တွေ၊ အရေအတွက်တွေကို လက်နဲ့ ရေးမှတ်နေမဲ့ အစား၊ ဒီသတင်းအချက်အလက်တွေကို တခါတည်းစာရင်းသွင်းလိုက်ရုံ၊ scanner ကိုသုံးပြီး scan ဖတ်လိုက်ရုံနဲ့ စာရင်းတွေကို တစ်ခါတည်းမှတ်သားပေး၊တွက်ချက်ပေးနိုင်တဲ့ ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲတဲ့ ကွန်ပြူတာစနစ် တစ်ခုကို ရင်းနှီးမြှုပ်နှံလိုက်ပါ။

ဒီလိုခေတ်မှီကုန်ပစ္စည်းစီမံခန့်ခွဲတဲ့ စနစ်တွေဟာမိတ်ဆွေ ကုန်ပစ္စည်းတစ်ခုကို ရောင်းလိုက်တာဖြစ်စေ၊ ဝယ်လိုက်တာဖြစ်စေ စာရင်းသွင်းလိုက်တာနဲ့ တပြိုင်နက် နဂိုရှိနေတဲ့ လက်ကျန်စာရင်းတွေကို အချိန်နဲ့ တပြေးညီ မှန်ကန်အောင် အလိုလျောက်ပြောင်းလဲပေးမှာပါ။ ဒါဆိုရင် ပစ္စည်းတွေဝင်ထွက်တိုင်း စာရင်းတွေကို လက်နဲ့ လိုက်ပြောင်းနေစရာမလိုတော့ဘူးပေါ့။မိတ်ဆွေကုန်ပစ္စည်းတွေရဲ့ ရောင်းအားနဲ့ ပတ်သတ်တဲ့ အသေးစိတ်သတင်းအချက်အလက်တွေကို ရီပို့ ထုတ်ပေးနိုင်တဲ့ ကုန်ပစ္စည်းစီမံခန့်ခွဲမှုစနစ်တွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့ Reports တွေကို ရရှိခြင်းဖြင့် ကိုယ့်လုပ်ငန်းမှာ ဘယ်ပစ္စည်းတွေက ရောင်းအားအကောင်းဆုံးလဲ၊ ဘယ်ပစ္စည်းတွေက ဘယ်လိုရောင်းအားတွေရှိနေလဲ ဆိုတာကို လျင်လျင်မြန်မြန် သိနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ကုန်ပစ္စည်းသိုလှောင်ခြင်းနဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။

ဥပမာ- တက္ကဆက်ပြည်နယ်မှာရှိတဲ့ “အမေနဲ့ ပြောင်းဖူးပေါက်ပေါက်”ဆိုတဲ့ ပြောင်းဖူးပေါက်ပေါက် နဲ့ ချိုချဉ်ဆိုင်မှာ ယခင်က ကုန်ပစ္စည်းစာရင်းတွေကို လက်နဲ့ဘဲမှတ်သားခဲ့ပါတယ်။နောက်ဆုံးမှာတော့ POS (Point of sales လက်လီအရောင်းစနစ်)နဲ့ ကုန်ပစ္စည်းစီမံခန့်ခွဲမှုစနစ် ကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ “ဒီလိုပြောင်းလဲလိုက်ခြင်းဟာ အချိန်ကုန်ခြင်းကိုအလွန်သက်သာသွားစေပြီး၊ ဆိုင်ရဲ့လုပ်ငန်းစဉ်တွေကို ပိုမိုလျင်မြန်ချောမွေ့သွားစေတယ်” လို့ ဆိုင်ပိုင်ရှင် ဒေ့ဖ်ဝီလ်ဆင်ကပြောပါတယ်။
“အရင်ကဆိုရင် ဆိုင်ထဲကိုသွားပြီး ကုန်ပစ္စည်းလက်ကျန်ဘယ်လောက်ရှိတယ်ဆိုတာ လူကိုယ်တိုင်သွားကြည့်ရပါတယ်။ ပြီးရင်စာရွက်နဲ့ မှတ်ပြီး ကတ်တလောက်ကိုကြည့်ပြီး ကုန်သွင်းတဲ့ ဖောက်သည်ဆီ ဖုန်းဆက်အော်ဒါမှာရပါတယ်။ ဒီနည်းပညာအသစ်ကိုသုံးလိုက်ခြင်းဟာ ကျွနု်ပ်တို့အတွက် အချိန်တွေ ငွေတွေ အများကြီးသက်သာသွားစေပါတယ်။

“ဥပမာ- အခုဆိုရင် တစ်ချို့ ပစ္စည်းတွေဟာ ရောင်းထွက်ဖို့ ၁၂ လ လောက်ကြာတတ်တာကိုသိလာရပါတယ်။ ဒီတော့ ဒီလိုပစ္စည်းတွေကို ဘယ်တော့မှပြန်မမှာတော့ဘူးပေါ့၊ ဘာလို့လဲဆိုတော့ လိုအပ်တဲ့အချိန်အတွင်းမှာ ရောင်းမထွက်လို့ပါ။ ဒီနည်းပညာဟာ ဘယ်ပစ္စည်းတွေကို လူတွေ ကြိုက်ကြတယ် ဝယ်ကြတယ်ဆိုတာကို သိလာစေပါတယ်။ ကျွနု်ပ်တို့ အနေနဲ့ကုန်ပစ္စည်းတွေရဲ့ ၈% ကနေ ၁၀% ထိရှိတဲ့ ရောင်းမထွက်တဲ့ ပစ္စည်းတွေကို ဖယ်ရှားနိုင်ခဲ့ ပါတယ်။ ဒီလိုဖယ်ရှားနိုင်လိုက်တဲ့ အတွက် ပိုမိုရောင်းကောင်းတဲ့ ပစ္စည်းအမျိုးအစား အသစ် ၁၀၀ ခန့် ကို ထပ်မံတင်ထားနိုင်ခဲ့ ပါတယ်။

#globalpos #globalgold

Post a Comment