ဖောက်သည်မြဲအောင် ဘယ်လိုဖန်တီးမလဲ ?

ဖောက်သည်မြဲအောင် ဘယ်လိုဖန်တီးမလဲ ?

အမြဲတမ်းပုံမှန်ဈေးဝယ်သူတွေရဲ့ဈေးဝယ်ယူမှုနှုန်းဟာ ပထမဆုံးလာဝယ်တဲ့သူတွေရဲ့ဝယ်ယူမှုနှုန်းထက် ၇၀ ရာခိုင်းနှုန်းနီးပါး ပိုမိုသုံးစွဲနိုင်တယ်ဆိုကတည်းက ကျွန်တော်တို့စပြီးစဉ်းစားသင့်ပြီပေါ့။ ထပ်ပေါင်းပြောရရင်တော့ ဈေးဝယ်သူအသစ်ရရှိဖို့ထက် အမြဲတမ်းဈေးဝယ်သူတွေ လျော့မသွားဖို့ကပိုပြီးအရေးကြီးတာပေါ့။ သူတို့တွေဟာ အသိတွေအချင်းချင်းတွေ့လို့ ညွှန်းတာပဲဖြစ်ဖြစ် ၊ သင့်ဆီကို ခဏခဏပြန်လာပြီး ဝယ်တာပဲဖြစ်ဖြစ် သင့်ရဲ့လုပ်ငန်းကို နာမည်ရလာအောင် ပြုလုပ်ပေးကြမယ့်သူများဖြစ်ပါတယ်။

ရင်းနှီးစွာဆက်ဆံပါ

ဒီဘက်ခေတ်မှာ ဈေးဝယ်သူတွေဟာ ဝယ်စရာနေရာတွေ ရွေးချယ်စရာနေရာတွေ များပြားလာတော့ ဈေးဝယ်သူတွေနဲ့ရင်းနှီးစွာ နေထိုင်ခြင်းဟာ သင့်လုပ်ငန်းအောင်မြင်ဖို့ အတွက်အသုံးဝင်တဲ့နည်းလမ်းတစ်ခုအဖြစ် ဖြစ်လာခဲ့ပါတယ်။ အဲဒီတော့ ဈေးဝယ်သူရဲ့အချက်အလက်တွေဖြစ်တဲ့ Email Address တွေ, မွေးနေ့တွေ, နှစ်ပတ်လည်နေ့တွေ ၊ အဝယ်များတဲ့ကုန်ပစ္စည်းတွေ နဲ့တခြားအချက်တွေကို သိမ်းဆည်းထားပြီး ဆုတောင်းစာလေးတွေကို Messages ပို့ပေးတာပဲဖြစ်ဖြစ် ၊ မွေးနေ့Card နဲ့အတူ ဈေးဝယ်ကူပွန်နံပါတ်တွေပို့ပေးတာပဲဖြစ်ဖြစ် ၊ ဈေးဝယ်သူအကြိုက်ဆုံးပစ္စည်းလေးတွေ ရောက်နေပြီ ဆိုတာကို Email ပို့ပေးတာပဲဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ပြီပေါ့။

ငွေပေးချေမှုပုံစံအသစ်တွေ စဉ်းစားပေးပါ

အထူးသဖြင့် ဈေးဝယ်သူတွေဟာ ဈေးကြီးတဲ့ ကုန်ပစ္စည်းတွေကို အဆင်ပြေပြေဝယ်ယူလိုရအောင် ပြုလုပ်ပေးမယ့် သူတွေကို စောင့်မျှော်ကြပါတယ်။အဲဒီတော့ သတ်မှတ်ထားတဲ့ပမာဏထက် ကျော်လွန်ပြိး ဝယ်ယူမည့် အမြဲတမ်းဈေးဝယ်သူတွေအတွက် အဆင်ပြေစေမည့်ငွေချေစနစ်တစ်ခုကို စဉ်းစားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဥပမာအားဖြင့် မင်္ဂလာဆောင် Service Provider တစ်ခုဆိုရင် သူ့ရဲ့ဈေးဝယ်သူတွေအတွက် ကုန်ကျစရိတ်ကို ၁၂ လခွဲပြီးပေးသွင်းနိုင်အောင် ပြုလုပ်ပေးခဲ့တယ်။ အဲဒီမှာ စုံတွဲတစ်တွဲချင်းစီရဲ့ မင်္ဂလာအသုံးစရိတ်တွေလဲ ပုံမှန်ထက်အနည်းငယ် တိုးလာတယ် ပြီးတော့ ဈေးဝယ်သူတွေကိုကျေနပ်စေတယ် ၊ ကိုယ့်အတွက်လဲ လစဉ်ဝင်ငွေ Cash Flow လဲဝင်လာပြီး ထပ်မံအပ်နှံတဲ့အရောင်းစာရင်းတွေဟာလဲအရင်ကထက်တိုးလာခဲ့ပါတယ်။ ပုံမှန်လာဝယ်တဲ့သူတွေကို သူတို့လိုချင်တဲ့ ပစ္စည်းတွေအတွက်သူတို့ဝယ်နိုင်တဲ့ပမာဏလောက်နဲ့ အဆင်ပြေအောင်ပြုလုပ်ပေးတာကလဲ ဖောက်သည်ဖြစ်လာအောင် ပြုလုပ်ပေးနည်းတစ်ခုပါပဲ။

ဖောက်သည်တွေကို အကောင်းဆုံးခံစားခွင့်တွေ ပေးပါ

ခံစားခွင့်ပေးတာတွေဟာ ဖောက်သည်တည်ဆောက်ဖို့အတွက် ဆွဲဆောင်မှုရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ VIP ဈေးရောင်းပွဲတွေ ၊ Members တွေအတွက် အထူးပွဲတွေ ၊ ပစ္စည်းအသစ်မိတ်ဆက်ပွဲတွေနဲ့ ဖောက်သည်အမှတ်စုတဲ့ စနစ်တွေဟာ ဈေးဝယ်သူတွေကို ထပ်တလဲလဲလာရောက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေပါပဲ။ အသေးစားလုပ်ငန်းရှင်တွေအတွက်တော့ ခံစားခွင့်တွေပေးခြင်းဟာ တာဝန်နှစ်ခုဖြစ်စေပါတယ်။တစ်ခုက အမြဲတမ်းဖောက်သည်တွေကို လက်မလွတ်အာင်ထိန်းသိမ်းထားနိုင်ပြီးတော့ နောက်တစ်ခုက ပုံမှန်ဈေးဝယ်သူတွေကို ခံစားခွင့်တွေရရှိစေပြီး အမြဲတမ်းဖောက်သည် ဖြစ်လာအောင် မက်လုံးပေးဆွဲဆောင်နိုင်ခြင်းတို့ပဲဖြစ်ပါတယ်။

သင့်ကိုကြေငြာပေးမယ့်သူကို ရွေးချယ်ပါ

သင့်ရဲ့အထူးဖောက်သည်တွေဟာ သင့်ရဲ့ကိုယ်စား သင့်ရဲ့လုပ်ငန်းကို လူသိစေဖို့အတွက် အကောင်းဆုံးကြေငြာပေးသူတွေပါပဲ။ အမြဲတမ်းဖောက်သည်တွေကို အထူးလျော့ဈေးကူပွန်တွေ ပေးလိုက်တာဖြစ်ဖြစ် ၊ သူတို့ရဲ့မိသားစု ၊ သူငယ်ချင်းနဲတခြားအပေါင်းအသင်းတွေကိုဝေခိုင်းတာဖြစ်ဖြစ် ၊ ဒါမှမဟုတ် သူတို့ရဲ့ရင်းနှီးတဲ့သူတွေနဲ့တူတူ တက်ရောက်ဖို့ ပွဲဖိတ်တာမျိုးဖြစ်ဖြစ်ပေါ့။ လူတိုင်းဟာ သူတိုချစ်တဲ့သူတွေနဲ့ အတူတူပျော်ရွှင်ချင်ကြတယ်လေ အဲဒီတော့သူတို့ရဲ့သူငယ်ချင်း မိတ်ဆွေတွေနဲ့အတူတူလာရောက်ပြီး ပျော်ရွှင်အောင်လုပ်ပေးရင်တော့အကောင်းဆုံးပေါ့ ။ အဲဒီတော့သင့်ရဲ့အကောင်းဆုံးဖောက်သည်တွေဟာ သင့်ကြောင့်သူတို့ကို ကျေနပ်စေတယ်ဆိုရင်တော့ တခြားဈေးဝယ်သူအသစ်တွေကို သင့်ရဲ့လုပ်ငန်းဆီကိုခေါ်ဆောင်လာတော့မှာဖြစ်ပါတယ်။

အကောင်းဆုံးဝန်ဆောင်မှုအတွက် ဝန်ထမ်းတွေကိုသင်ကြားပေးပါ

လေ့လာမှုတွေအရ တချို့စီးပွားရေးလုပ်ငန်းတွေကျဆုံးမှုရဲ့အဓိကအကြောင်းအရင်းက ညံ့ဖျင်းတဲ့ဝန်ဆောင်မှုတွေကနေစတင်ပါတယ်။ အဲဒီတော့ သင့်ရဲ့လုပ်ငန်းမှာ ပါဝင်တဲ့သူတွေအားလုံး ဝန်ဆောင်မှုတွေမှာပါဝင်ဖို့နဲ့ ဈေးဝယ်သူ Complaints တွေကို အကောင်းဆုံးဖြေရှင်းဖို့စည်းကမ်းတွေလဲ ပြင်ဆင်ထားသင့်တာပေါ့။ဈေးဝယ်သူ သိလိုတာတွေ ၊ မေးမြန်းတာတွေ နဲ့ ပြသနာတွေကို ချက်ချင်းဖြေကြားပေးဖို့အတွက် အဆင်သင့်ရှိနေဖို့ဆိုတာကလဲ ဈေးဝယ်သူတွေမျှော်လင့်တဲ့လိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်။

နည်းပညာတွေနဲ့အလုပ်လုပ်ပါ

အခုဆိုရင် Social Media တွေဟာ ဖောက်သည်တည်ဆောက်လိုတဲ့ လုပ်ငန်းအသေးလေးတွေအတွက် အဓိကအချက်ဖြစ်လာပါပြီ။ ဈေးဝယ်သူတွေနဲ့ သင့်လုပ်ငန်းရဲ့ ဝန်ဆောင်မှုတွေ ၊ ကုန်ပစ္စည်းအချက်အလက်တွေ ၊ မျှဝေနိုင်တာတွေ ၊ သိလိုသမျှတွေကို ဖြေကြားပေးတာတွေ ၊ရင်းနှီးမှုတည်ဆောက်တာတွေဟာ မိမိလုပ်ငန်းကြေငြာ ဖို့တွေအတွက် ဈေးလဲအရမ်းမသုံးရတဲ့ ဆက်သွယ်မှုတစ်ခုပါပဲ။ တစ်ခုသတိထားရမှာကတော့ Social Media တွေဟာ သေချာမကိုင်တွယ်နိုင်ရင် ထိခိုက်နိုင်တဲ့အတွက် ဈေးဝယ်သူမေးမြန်းသမျှတွေနဲ့ မကျေနပ်ချက်တွေကိုချက်ချင်းဖြေကြားပေးဖို့အတွက်တော့လိုအပ်ပါတယ်။ သင့်ပစ္စည်းရောင်းရဖို့ တစ်ခုထဲအတွက်နဲ့တော့ Social Media ကိုမသုံးသင့်ပါဘူး။

လုပ်ငန်းငယ်တွေအတွက် ဖောက်သည်တွေများအောင်ပြုလုပ်ခြင်းဟာ လုပ်ငန်းတိုးတက်မှုနဲ့အမြတ်အစွန်းရဖို့အတွက် ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်လာပါတယ်။ ရင်းနှီးတဲ့မိတ်ဖွဲ့မှုတွေနဲ့ခင်မင်တာတွေ ၊ အကျိုးခံစားခွင့်တွေပေးတာတွေ ၊ ဝန်ထမ်းတွေကိုသင်ကြားပေးတာတွေ ၊ Social Media တွေနဲ့ ထိန်းချုပ်တာတွေဟာ တစ်ကြိမ်ဈေးဝယ်သူကို ထပ်တလဲလဲဝယ်ယူ လာစေမယ့်သူတွေအဖြစ် ပြောင်းလဲသွားစေနိုင်မယ့်နည်းလမ်းတွေပါပဲ။

Post a Comment